Age Spots တွေက အိုမင်းရင့်ရော်မှုရဲ့ သင်္ကေတလား
အသက်အရွယ်ကြီးရင့်သူ(အထူးသဖြင့် အသက် ၅၀ ကျော်) တွေရဲ့ အရေပြားမှာ ပုံမှန်အရေပြားထက် ပိုပြီး အရောင်ရင့်နေတဲ့ Age Spots လို့ ခေါ်တဲ့ အညိုရောင်၊ အမဲရောင် အကွက်တွေ၊ အစက်အပြောက်တွေ တွေ့ရတတ်ပါတယ်။
Age Spots တွေဟာ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတတ်ပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့ မျက်နှာ၊ ပခုံး၊ ကျောပြင်၊ ခြေဖမိုး၊ လက်မောင်းနဲ့ လက်တွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာ တွေ့ရများပေမယ့် နေပူထဲမကြာခဏထွက်လေ့ရှိတဲ့ ငယ်ရွယ်သူများမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရောင်ဖျော့တဲ့သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်တဲ့ဆဲလ်တွေ ပုံမှန်ထက် ပိုအလုပ်လုပ်ပြီး Melanin လို့ခေါ်တဲ့ ရောင်ခြည်ပစ္စည်းတွေကို များပြားစွာ ထုတ်လုပ်ရာက အရေပြားပေါ်မှာ ရောင်ခြယ်ပစ္စည်းတွေ စုပုံလာတာကြောင့် Age Spots တွေ ဖြစ်လာတာပါ။
Age spots တွေက စိုးရိမ်ရလား?
Age spots အနေနဲ့က စိုးရိမ်စရာ မရှိပါဘူး။ အလှပျက်တယ်လို့ ယူဆရင်တော့ အလှအပရေးရာဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး အရောင်ဖျော့သွားအောင် ကုသမှု ခံယူလို့ ရပါတယ်။
Age spots တွေဟာ တခါတရံမှာ အရေပြားကင်ဆာနဲ့ မှားနိုင်တာမို့ အရေပြားမှာ ပေါ်လာမျှ အစက်အပြောက်၊ အကွက်တွေကို သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။
Age spots တွေက ပုံမှန်အရေပြားထက် အရောင်ပိုရင့်နေတာသာ ဖြစ်ပြီး မျက်နှာပြင်က အရေပြားနဲ့ တပြေးညီတည်းသာ ရှိတာပါ။
အကယ်၍ အရေပြားပေါ်က အစက်အပြောက်နဲ့ အကွက်တွေက…
- အရောင်ပိုရင့်လာတာ
- ပမာဏကြီးလာတာ
- အနားသတ်တွေက မညီမညာဖြစ်လာတာ
- မျက်နှာပြင်က ပုံမှန်အရေပြားနဲ့ တညီတည်းမဟုတ်တော့ဘဲ ခုံးထလာတာ
- သွေးထွက်တာ
- အရောင်အမျိုးမျိုးဖြစ်လာတာ ဆိုရင် အရေပြားကင်ဆာလည်း ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသဖို့ လိုလာပါလိမ့်မယ်။
Age Spots က ကုသဖို့ လိုအပ်လား?
မကုဘဲထားရင်လည်း အဆင်ပြေပေမယ့် အလှအပအတွက် ဆိုရင်တော့ ကုသမှုအနေနဲ့…
- Hydroquinone နဲ့ Retinoid ပါတဲ့ Cream တွေလိမ်းတာ
- Laser and Intense Pulsed Light
- Freezing (Cryotherapy)
- Dermabrasion
- Microdermabrasion
- Chemical Peel စသဖြင့် အမျိုးမျိုးရှိပြီး အရေပြားနဲ့ အလှအပရေးရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး မိမိနဲ့ သင့်တော်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေပူထဲမသွားတာ၊ အပြင်မသွားခင် နာရီဝက်ခန့် အလိုတည်းက SPF အနည်းဆုံး 30+ ပါတဲ့ Suncream လိမ်းတာ၊ ထီးဆောင်း၊ ဦးထုပ်ဆောင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ခြင်းဖြင့် အရေပြားကို နေရောင်တိုက်ရိုက်မထိအောင် ကာကွယ်တာတွေက Age Spots မဖြစ်အောင် ကာကွယ်နိုင်သလို အရေပြားကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်